ဆက်နွှယ်သူများကို ချေးငွေထုတ်ချေးခြင်းဆိုင်ရာနှင့် ဘဏ်များလိုက်နာရမည့် စည်းမျဉ်းများ ထုတ်ပြန်

ဆက်နွှယ်သူများကို ချေးငွေထုတ်ချေးခြင်းဆိုင်ရာနှင့် ဘဏ်များလိုက်နာရမည့် စည်းမျဉ်းများ ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတွင် ပါရှိသော ဘဏ်လုပ်ငန်းများ လိုက်နာရန် လိုအပ်သည့် စည်းကမ်းများနှင့် စပ်လျဉ်း သည့် အသေးစိတ် ညွှန်ကြားချက် ငါးရပ်ကို မတ် ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

၎င်းတို့မှာ ဘဏ်နှင့်ဆက်နွှယ်သူများကို ချေးငွေထုတ် ချေးခြင်းနှင့် စပ်လျဉ်းသည့်အချက်၊ ဒါရိုက်တာများဆိုင်ရာဘဏ်လုပ်ငန်းများလိုက်နာရမည့် ညွှန်ကြားချက်၊ ဘဏ်၏ဒါရိုက်တာနှင့် အရာရှိများဆိုင်ရာ သင့်လျော်မှန်ကန် သည့် စံနှုန်းရှိစေရေး စံသတ်မှတ်ချက်ဆိုင်ရာအချက်၊ နိုင်ငံတကာစံနှုန်းမီ ပြင်ပစာရင်းစစ်အဖွဲ့များ စနစ်တကျထားရှိရေး အချက်နှင့် အဓိကကျသည့် အကျိုးစီးပွားရယူခြင်းဆိုင်ရာအချက်တို့ ဖြစ်သည်။

''ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေမှာ ဒီအချက်တွေက ပါတာပဲရှိတယ်။ ဘယ်လိုပုံစံနဲ့ လိုက်နာရမလဲဆိုတဲ့ အသေးစိတ်အချက်တွေ မရှိသေးတာကြောင့် လိုက်နာဖို့လိုတဲ့ အချက်တွေကို ထပ်ပြီးထုတ်တာ။ အဓိကက ဘဏ်တွေရဲ့ စီမံအုပ်ချုပ်မှုပိုင်း ပိုအားကောင်းလာဖို့ လုပ်တာပါ''ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ(၁) ဦးစိုးသိန်းက ပြောသည်။ပြည်တွင်းဘဏ်များသည် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုက်နာမှုအားနည်းခဲ့၍ ငွေရေးကြေးကဏ္ဍဖွံ့ဖြိုးမှုတွင်အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာနောက်ကျကျန်နေခဲ့သည်ဟု ဇန်နဝါရီလက သတင်းစာရှင်းလင်းပွဲတွင်ဒုတိယဥက္ကဌနှစ်ဦးစလုံးက ပြောထားသည်။ ဘဏ်လုပ်ငန်းများ၏ စည်းမျဉ်းစည်းကမ်းလိုက်နာမှု ပိုအားကောင်း လာရန်နှင့် ငွေရေးကြေးရေးကဏ္ဍအားကောင်းလာရန် အချက်များကို အဓိကထား လုပ်ဆောင်မည်ဟု ၎င်းတို့က ဆိုသည်။

''ဘဏ်တွေအနေနဲ့ ဒါရိုက်တာဆိုရင် ဘယ်လိုအရည် အချင်းပြည့်မီရမယ်၊ ပြင်ပစာရင်းစစ်အဖွဲ့တွေဆိုရင် ဘယ်လိုအချက်တွေကို စစ်ဆေးပေးရမယ်၊ ဘယ်စာရင်း တွေကိုတော့ မဖြစ်မနေလုပ်ပေးရမယ်ဆိုတဲ့ အသေးစိတ် တွေကို လိုက်နာလာနိုင်ရင် လုပ်ငန်းရဲ့စီမံအုပ်ချုပ်မှုက ပိုပြီး အားကောင်းလာမှာပါ''ဟု ဦးစိုးသိန်းက ပြောသည်။

ညွှန်ကြားချက်များအရ ဘဏ်၏ ဒါရိုက်တာဆိုင်ရာ အချက်များတွင် အမှုဆောင်မဟုတ်သည့် သီးခြား လွတ်လပ်သော ဒါရိုက်တာသည် ဘဏ်နှင့်ဆက်နွှယ်သူ မဟုတ်သော ဘဏ်၏မဲပေးပိုင်ခွင့်ရှိသည့် အစုရှယ်ယာငါးရာခိုင်နှုန်းအောက် ပိုင်ဆိုင်သူတစ်ဦးကို ဆိုလိုကြောင်း၊ ဘဏ်ဒါရိုက်တာတစ်ဦး၏ သက်တမ်းသည်လည်း သုံးနှစ်ဖြစ်ပြီး တစ်ဆက်တည်း သုံးကြိမ်ထက်ပို၍ သက်တမ်း တိုးမြှင့်ခြင်းမပြုရဟုလည်း ညွှန်ကြားထားသည်။ဒါရိုက်တာအဖွဲ့တွင် အမှုဆောင်အရာရှိချုပ်ကို ဥက္ကဌအဖြစ် ခန့်အပ်ခြင်းမပြုရန်၊ အကျိုးစီးပွား ပဋိပက္ခမူဝါဒအရဘဏ်ဒါရိုက်တာ အဖွဲ့ဝင်များနှင့်အရာရှိများသည် ဘဏ်တွင်ရယူထားသည့် အဓိကကျသော ငွေရေးကြေးရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားအားလုံးကို ထုတ်ဖော်ကြေညာသတ်မှတ်ရန် အချက်များလည်း ပါဝင်သည်။ ဒါရိုက်တာများအပေါ် တားမြစ်ချက်အနေဖြင့် ဘဏ်၏အကျိုးစီးပွားကို ဆန့်ကျင်သည့် ကိစ္စရပ်တစ်ခုခုတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဘဏ်၏ နေ့စဉ်စီမံခန့်ခွဲမှု ဆောင်ရွက်ချက်များတွင် ဝင်ရောက်စွက်ဖက်ခြင်းများကို မလုပ်ရန် တားမြစ်ထားသည်။ဘဏ်နှင့် ဆက်နွှယ်သူများဆိုသည်မှာ ဘဏ်တွင် အကျိုးစီးပွား အများအပြားရှိသူ၊ ဘဏ်တစ်ခုက ပုဂ္ဂိုလ် ထံတွင် သိသာထင်ရှားသော အကျိုးခံစားခွင့်ရှိခြင်း၊ ဘဏ်၏ အရာရှိတစ်ဦးဦး သို့မဟုတ် ထိန်းချုပ်နိုင်သောစီးပွားရေးလုပ်ငန်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးဦး၏ ဆွေမျိုးသားချင်းတစ်ဦးဦး၊ ၎င်းဆက်နွှယ်သူတစ်ဦးဦးက ထိန်းချုပ်သည့် အဖွဲ့အစည်းတစ်ခုခု၊ ဘဏ်တွင် ယခင်သို့မဟုတ် လက်ရှိကာလတွင် အကျိုးစီးပွားများစွာရှိနေ ခြင်း၊ ဘဏ်နှင့် ဆက်နွှယ်ပတ်သက်နေခြင်းကြောင့် ဆက်နွှယ်သူဟု ဗဟိုဘဏ်က သတ်မှတ်ခြင်းခံရသူများဟု ဖော်ပြထားသည်။ ၎င်းဆက်နွှယ်သူများသည် ချေးငွေ ဆိုင်ရာဗဟိုဘဏ်မှ သတ်မှတ်သည့် စံနှုန်းများကို လိုက်နာရန် သတ်မှတ်ထားသည်။

ဗဟိုဘဏ်၏ချေးငွေသတ်မှတ်ချက် စည်းမျဉ်းအရ ဘဏ်သည် ဆက်နွှယ်သူများကို အပေါင်ပစ္စည်းအာမခံ ထားခြင်း၊ စျေးကွက်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းတို့မှအပ ချေးငွေထုတ်ပေးခြင်း မပြုရဟု သတ်မှတ်ထားသည်။ ထိုသို့ထုတ်ချေးရာတွင်လည်း ထုတ်ချေးသင့်၊ မချေးသင့်ဟူသည့် ဆုံးဖြတ်ချက်ကို ဒါရိုက်တာ မပါဝင်သော ဘဏ်ဒါရိုက်တာအဖွဲ့၏ သုံးပုံနှစ်ပုံထက်ပိုသော မဲပေးအတည်ပြုချက်ဖြင့် ဆောင်ရွက် ရမည်ဟုလည်း ဖော်ပြထားသည်။

''ပြည်တွင်းဘဏ်လုပ်ငန်းအများစုက အရင်ကတည်းက ဘဏ်နဲ့ဆက်နွှယ်သူတွေကို ချေးငွေထုတ်ချေးပေးခဲ့တဲ့ ဖြစ်စဉ်တွေက အများကြီးရှိနေတယ်။ အဲဒီအပိုင်းမှာ ဘဏ်တွေက နှစ်များစွာ စည်းမျဉ်းလိုက်နာမှု အားနည်းခဲ့တယ်။ ဒါတွေကို ပြင်ဆင်ဖို့လိုအပ်နေပြီ''ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဌ(၂) ဦးဘိုဘိုငယ်က ဇန်နဝါရီလက ပြောသည်။ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ်လုပ်ငန်းများကိုချေးငွေဆောင်ရွက်ခွင့်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ မည်သည့်ဝန်ဆောင်မှုကိုမဆို ဗဟိုဘဏ်ခွင့်ပြုအရ လုပ်နိုင်ရန်လည်း ခွင့်ပြုခဲ့သည်။

ညွှန်ကြားချက်များအနက် ဘဏ်လုပ်ငန်းများသည် ပြည်ပစာရင်းစစ်အဖွဲ့များကို ထားရှိရန်ပါဝင်ပြီး ၎င်းတွင်အရည်အချင်းပြည့်မီမှုနှင့် လွတ်လပ်စွာဆောင်ရွက်နိုင်မှုဆိုင်ရာ လက်ခံနိုင်သည့် စံများရှိရမည်ဟု ဖော်ပြထားသည်။ထို့အတူ ပြင်ပစာရင်းစစ်အဖွဲ့များသည် ဘဏ်၏ စာရင်းများကို စစ်ဆေးရာတွင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်း များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဟု ပါရှိသည်။ပြည်တွင်းဘဏ်လုပ်ငန်းများက ငွေရေးကြေးရေးအဖွဲ့အစည်း ဥပဒေပါအချက်များကို လိုက်နာနိုင်မှု အားနည်းနေခြင်းကြောင့် ယခုလိုထုတ်ပြန်ခြင်း ဖြစ်နိုင်သည်ဟု ဘဏ်လုပ်ငန်းဆိုင်ရာ အကြီးတန်းကျွမ်းကျင်ပညာရှင် ဦးသန်းလွင်က ပြောသည်။

''ဘဏ်တွေရဲ့ ခိုင်မာတောင့်တင်းမှု အားကောင်းဖို့ အတွက် အဲဒီစည်းမျဉ်းတွေကို လိုက်နာနေဖို့တော့ လိုအပ်တယ်။ ပြင်ပစာရင်းစစ်အဖွဲ့ထားရမယ်ဆိုတဲ့ ကိစ္စတွေမှာ အခုလည်း ဘဏ်ကြီးတွေမှာက ရှိထားပြီးပေမဲ့ဘဏ်အသေးလေးတွေမှာ မရှိသေးတာတွေကြောင့် လုပ်တာလည်း ဖြစ်နိုင်တယ်''ဟု ဦးသန်းလွင်က ပြောသည်။

''လက်ရှိစီးပွားရေးအခြေအနေအရ၊ ဘဏ်တွေက တိုးချဲ့နေရတဲ့ နည်းပညာပိုင်း ကုန်ကျစရိတ်တွေအရ အကျိုးအမြတ်ရရှိမှုက သိပ်နည်းနေတယ်။ ဒီလိုအခြေအနေမှာ တချို့စည်းမျဉ်းတွေက ရေရှည်နည်းနဲ့ လိုက်နာစေတာက ပိုအဆင်ပြေမယ်ထင်တယ်''ဟု ၎င်းက ပြောသည်။

Author: 

Financial Times