CB Bank နှင့် Grab တို့ The Bankers’ Choice Awards 2020 ကို ရရှိခြင်း

CB Bank နှင့် Grab တို့ The Bankers’ Choice Awards 2020 ကို ရရှိခြင်း

CB Bank နှင့် Grab တို့သည် The Asian Banker က ၂၀၂၀ ပြည့်နှစ်အတွက် ချီးမြှင့်သော The Bankers’ Choice Awards ကို ‘End-to-End Integrated Cash Management and Banking Solution’ အတွက် ပူးတွဲရရှိခဲ့ပါသည်။



Grab က မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ဝန်ဆောင်မှုပေးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ CB Bank သည် Grab အတွက် ဘဏ်ဝန်ဆောင်မှုများကို စတင်ပေးအပ်ခဲ့ပါသည်။ Grab နှင့် CB Bank ၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာသည်နှင့်အမျှ API Integration (API နည်းပညာဖြင့် ချိတ်ဆက်ခြင်း) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး Grab Taxi မောင်းနှင်သူများအနေနှင့် စောင့်ဆိုင်းစရာမလိုအပ်ဘဲ ၎င်းတို့၏ဝင်ငွေများကို ဘဏ်စာရင်းသို့ ချက်ချင်းလွှဲပြောင်းနိုင်ပြီ ဖြစ်ပါသည်။



“Grab က CB Bank အတွက် အဓိက မိတ်ဖက်ပါ။ Grab နဲ့အတူ အခုလို ဂုဏ်သတင်း ကြီးမားတဲ့ဆုကို ရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒစ်ဂျစ်တယ်သိနားလည်မှု (Digital Literacy) နဲ့ အားလုံးပါဝင်နိုင်တဲ့ ငွေရေးကြေးရေးကဏ္ဍ ဖြစ်ထွန်းရေးကို မြှင့်တင်နိုင်ဖို့အတွက် ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာရှိတဲ့ အချက်အချာကျတဲ့ နေရာတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး ထောင်ပေါင်းများစွာသော Grab ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ မိတ်ဖက်အစားအသောက်ပို့ဆောင်သူတွေကို ကျွန်တော်တို့ရဲ့ ဘဏ်ပလက်ဖောင်းနဲ့ အချိန်တိုအတွင်းမှာပဲ ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။



အာဆီယံဒေသအတွင်းရှိ ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Grab နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ CB Bank အတွက် ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ဒီပူးပေါင်းမှုဟာ ကျွန်တော်တို့ရဲ့ ecosystems banking နည်းဗျုဟာကနေတဆင့် ဘဏ်ဝန်ဆောင်မှုတွေကို ငွေရေးကြေးရေးနဲ့ နည်းပညာ ပလက်ဖောင်းတစ်ခုအနေနဲ့ ပေးအပ်သွားဖို့ဆိုတဲ့ မျှော်မှန်းချက်နဲ့လည်း ထပ်တူကျပါတယ်။ အခုလို နည်းပညာ ဦးဆောင်တဲ့ ၂၁ ရာစုမှာ ဘဏ်တွေဟာ အများနဲ့ ပူးတွဲဆောင်ရွက်ဖို့ အရင်ကထက် ပိုပြီး လိုအပ်လာပါတယ်။ ဘဏ်တွေအနေနဲ့ ecosystem players တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် နည်းပညာ စွမ်းဆောင်ရည်တွေ လိုအပ်လာပါတယ်။ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ CB Bank ဟာ ၂၀၁၀ ပြည့်နှစ်၊ မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ ပိုမို လမ်းပွင့်လာပြီး နိုင်ငံတကာနဲ့ ပြန်လည်ချိတ်ဆက်လာတဲ့ အချိန်ကတည်းက အဓိကထားပြီး နည်းပညာစွမ်းရည်များ တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီဆုဟာ ကျွန်တော်တို့နဲ့အတူ မိတ်ဖက်ဖြစ်တဲ့ Grab တို့ရဲ့ အချင်းချင်း အပြန်အလှန်မှီခိုအားထား ယုံကြည်မှု၊ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အတားအဆီး၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ သက်သေအဖြစ် ပေးအပ်ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း Grab နဲ့အတူ ပူးပေါင်းမှုတွေ ပိုမိုဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်” ဟု CB Bank ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူ ဦးသိန်းဇော်ထွန်းက ပြောကြားခဲ့ပါသည်။



“Grab မိတ်ဖက်ယာဉ်မောင်းတွေနဲ့ မိတ်ဖက်အစားအသောက်ပို့ဆောင်သူတွေအတွက် CB Bank နဲ့ ပူးပေါင်းပြီး မိုဘိုင်းလ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးနိုင်တဲ့အပေါ် နိုင်ငံတကာအဆင့် ဂုဏ်သတင်း ကြီးမားတဲ့ဆု ချီးမြင့်ခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်မတို့ အတူတကွပူးပေါင်းပြီး သောင်းချီတဲ့ Grab မိတ်ဖက်ယာဉ်မောင်းတွေကို ပုံမှန် ဘဏ်ဝန်ဆောင်မှုတွေ ရယူနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် သူတို့အတွက် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရမှုနဲ့ အဆင်ပြေလွယ်ကူမှု စတဲ့ အကျိုးကျေးဇူးတွေ ရယူနိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ Grab ရဲ့ မြန်မာနိုင်ငံအတွက်ထားရှိတဲ့ ရည်မှန်းချက်ကလည်း နည်းပညာကိုအသုံးချပြီး စီးပွားရေးအခွင့်အလမ်းတွေဖော်ဆောင်ဖို့နဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ဖြစ်ပါတယ်။ ဒီဆုကလည်း ကျွန်မတို့တန်ဖိုးထားရတဲ့ Grab မိတ်ဖက်ယာဉ်မောင်းတွေအတွက် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အရာဖြစ်တဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သည့် Cindy Toh က ပြောကြားခဲ့ပါသည်။





CB Bank သည် ၂၀၂၀ ပြည့်နစ်အတွက် Excellence in Leadership in Asia by Euromoney, Best Bank in Myanmar by Global Finance, Best Digital Bank by Asiamoney, Best Corporate & Investment Bank by Asiamoney, SME Bank of the Year by the Asian Banking & Finance, Best Trade Finance Bank by The Asian Banker, Best Service Provider Cash Management by Asset Triple A အစရှိသည့် ဆုများအပါအဝင် အခြားဆုများစွာကိုလည်း ရရှိထားပါသည်။ 

CB Bank

Author: 

CB Bank